တမူးမြို့တွင် စနစ်တကျ နေကြာမျိုးစေ့ထုတ်ခြင်း နည်းပညာမိတ်ဆက်ခြင်းနှင့် လက်တွေ့ စိုက်ပျိုးပြသ

တမူး ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စနစ်တကျ နေကြာမျိုးစေ့ထုတ်ခြင်း နည်းပညာမိတ်ဆက်ခြင်းနှင့် လက်တွေ့ ပြသစိုက်ပျိုးခြင်းကို မြို့မရပ်ကွက်ရှိ တောင်သူ ဦးတင်ဆိုင်၏လယ်မြေ၊ ကွင်းအမှတ်၊၂၅၅-Bတွင် ယမန်နေ့ ညနေ(၄)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးက နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများဖြင့် စိုက်ပျိုးပြီး အမလိုင်းသုံးလိုင်း အဖိုလိုင်းသုံးလိုင်းဖြင့် စိုက်ပျိုးခြင်း၊ (၁၅)ရက်မှ (၁၇)ရက် အတွင်း အချိန်မီသားခွဲခြင်း၊ မျိုးကွဲ နှုတ်ပယ်ခြင်းစသည့် ကိစွရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ စိုက်ပျိုးရေးဝန်းထမ်းများက နေကြာမျိုးစေ့များအား လက်တွေ့ပြသ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ စနစ်တကျ နေကြာမျိုးစေ့ထုတ်ခြင်းနည်းပညာ မိတ်ဆက်ခြင်းနှင့် လက်တွေ့ပြသစိုက်ပျိုးရာသို့ တမူးခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းဌေးနှင့်ခရိုင်/မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကြီးကြပ်ရေး စီမံကော်မတီဝင်များ၊ တမူးခရိုင် တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)