ရန်ကင်း ဒီဇင်ဘာ ၂၈
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ကြစေရန် ရည်ရွယ်၍ Sticker Campaign ဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ ရန်ကင်းမြို့နယ် သစ္စာလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်စေရန် အသိပညာပေးခြင်း၊ “အပြင်ထွက်မလား Mask တပ်ပါ! Mask မတပ်ချင်ဘူးလား အိမ်မှာနေပါ!" စာသားများ ပါဝင်သည့် Sticker Campaign များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြသည်။
ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ရပ်ကွက်များ အလိုက် Mask Campaign ဆောင်ရွက်ခြင်း၊ ဈေးများတွင် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ ပါးစပ် နှာခေါင်း စည်း(Mask) တင်ဆင်ခြင်း မရှိဘဲ သွားလာသူများကို ဒဏ်ရိုက်ခြင်း၊ မလိုအပ်ပဲ အပြင်သို့ ထွက်ခွာခြင်းမပြုရန် စစ်ဆေးခြင်း အစရှိသည့် ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။
ခင်လေး(ပြန်/ဆက်)