မင်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

မင်းလှ(အောက်) ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ (၂၀)အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို ယမန်‌နေ့က ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကျေးလက်ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ ဒီဇင်ဘာ(ဒုတိယ)အပတ်မှ (စတုတ္တ) အပတ်အတွင်း၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး‌အောင်အောင်၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှခေးနှင့် ဝန်ထမ်းများတို့က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်ရ မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခြင်းနှင့် (VDP) ကျေးရွာ(၂၀)တွင် တစ်ရွာလျှင် (၇)ဦးမှ (၁၁)ဦးနှုန်းဖြင့် ကျေးရွာ ကော်မတီအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာ(၂၀)မှ ရွေးချယ်ခဲ့သော ကော်မတီဝင်များကို သင်တန်းများ ပို့ချပေးသွားပြီး ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်း ခင်းကျင်းခြင်းလုပ်ငန်းများနှင့် မီးလင်းရေးကိစ္စများတို့ကို ဇန်နဝါရီလမှ စတင်ကာ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ