ထီးလင်း ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ဆောင်းသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဆီထွက် သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ် ပုံစံအမျိုးမျိုးဖြင့် ရာသီမရွေး မျိုးစေ့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလ နှင့် ဇွန်လ များတွင်လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးနိုင်ပြီး ရေဆင်း(၁)စပ်မျိုးနေကြာသည် အထွက်နှုန်း ကောင်းကာ ရွက်ခြောက် ရောဂါဒဏ်ခံနိုင်ကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ရေဆင်း(၁) စပ်မျိုးနေကြာကို တောင်သူများက အများဆုံး စိုက်ပျိုး လျက်ရှိပြီး ဆောင်းနေကြာ စုစုပေါင်း စိုက်ဧက (၁၉၈)ဧက ရှိကာ တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း တင်း(၄၀)မှ(၅၀)တင်း အထိ ထွက်ရှိကြောင်းနှင့် နေကြာ တစ်တင်းလျှင် ဆီ (၄)ပိဿာ ခန့် ရရှိနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်စည်(ပြန်/ဆက်)