ကျိုက်မရော ဒီဇင်ဘာ ၂၈
ကျေးလက်နေ ပြည်သူများ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် အခက်အခဲမဖြစ်ပေါ်စေရန် ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ဖနုံနှင့် ကျွဲခြံကျေးရွာလမ်းတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုကို မော်လမြိုင် ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများယနေ့နံနက်(၁၀)နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်ကတ္တရာလမ်းမှာ ( ၂၀၂၀- ၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၁၅၇.၇) သန်းဖြင့် အရှည်(၁) မိုင် အကျယ် ၁၂ပေ၊ ထု ၁၅လက်မ ဖြစ်ကြောင်း သိရသည်။ ယင်းကျေးရွာချင်းဆက်လမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဆွေဆွေနွယ်က ရှင်းလင်း တင်ပြရာ တာဝန်ရှိသူများ က လမ်းပိုင်းနှင့် ပတ်သက်၍ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးနိုင်ရေးတို့ကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်း ပြီးစီးပါက ဒေသခံပြည်သူများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ဒေသထွက်ကုန်များပါ ကျေးရွာကုန်ထုတ်လမ်းအဖြစ် အသုံးပြုနိုင်တော့မည် ဖြစ်၍ဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)