ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအခြေခံပညာအလယ်တန်း‌ကျောင်း၌ ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   ဒီဇင်ဘာ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသနေပြည်သူများ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာ သစ်မြို့ ကွီးလေးကျေးရွာအုပ်စုရှိ ကွီးလေး ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၏ အန္တရာယ် ရှိသော ကျောင်းဆောင်အဟောင်းဖျက်သိမ်း၍ ကျောင်းဆောင် သစ်တည် ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပညာရေးဌာန၏ ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ်(၆၆.၁၅၀)သန်းဖြင့် အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေရှိ RCတစ်ထပ်ကျောင်းဆောင်သစ်တည် ဆောက်ခြင်းလုပ်ငန်းကို ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးကုမ္ပဏီမှ တာဝန်ယူ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အနီးကပ် ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး ပါကကျောင်းသား/သူများ အဆင်ပြေစွာပညာသင်ကြား နိုင်တော့မည် ဖြစ်ပြီး ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး