တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွား ဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအ နေ များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အိအိခိုင် နှင့် တာဝန်ခံအင်ဂျင်နီယာများ ပါဝင် သော အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဖြင့် ဆောင်ရွက်သည့် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်ရှိ ပညာလင်္ကာရကျောင်းလမ်း ခင်းရန် ဆောင်ရွက်ထားရှိမှု၊ အင်္ဂလားရပ်ကွက် အင်္ဂလားကြီးရွာလမ်း၊ အင်္ဂလားကြီးတောင် ကျောင်းလမ်း၊ အင်္ဂလားရပ်ကွက်နှင့် ကညင်စမ်း ကျေးရွာသို့ သွားသောလမ်းများအား လမ်းဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့သည် အိုးတန်း ရပ်ကွက် စိန်လေး (၃)လမ်းတွင် ကွန်ကရစ်လမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)