လမ်းမတော် ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ယမုံနာလမ်း၊ မော်တင် ယာယီစျေး ရပ်ကွက်ရှိ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ အငှားမော်တော်ယာဉ် လိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကော်မတီဝင်များက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းက ရုံးသို့ လာရောက်ကြသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရေးနှင့် ရုံးအတွင်းရှိ ဝန်ထမ်းများ ဘေးကင်းရေးအတွက် ပြင်ဆင်ထားရှိမှု၊ ရုံးဝန်းအတွင်း အခြားသော ဌာနခွဲငယ်များအတွက် ပြင်ဆင်ထားသည့် အခြေအနေများ၊ အငှားမော်တော်ယာဉ် လုပ်ငန်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများအား ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ၊ ပထမပတ်တွင် (ခန့်မှန်း) ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ခန့်မှန်းထားပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး ကိုဗစ်ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ(ပြန်/ဆက်)