စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း မြေလွတ်မြေရိုင်း ဧက(၁၀၀၀) ဖော်ထုတ်ပေးမည်

မုံရွာ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် မြေယာမဲ့တောင်သူများကို ဖြန့်ဝေပေးနိုင်ရန် မြေလွတ်မြေရိုင်း ဧက(၁၀၀၀)ကို ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

“ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတိုင်း လယ်ယာမြေပိုင်ဆိုင်ဖို့ ဖော်ထုတ်ပေးတာဖြစ်တယ်၊ မြို့နယ် (၇)မြို့နယ်မှာ ဖော်ထုတ်ပေးသွားမှာ ဖြစ်တယ်၊ အခု မြေလွတ်မြေရိုင်း ဖော်ထုတ်မဲ့နေရာတွေကို ကွင်းဆင်း စစ်ဆေးတိုင်းတာ တာတွေလုပ်ဆောင်ပြီးသွားပြီ အခုဘဏ္ဍာရေးနှစ် အတွင်းမှာ အပြီးဖော်ထုတ်ပြီး မြေယာမဲ့ တောင်သူတွေကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်” ဟုစစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖော်ထုတ်ပေးမည့် မြေလွတ်မြေရိုင်း ဧက (၁၀၀၀) ကို စစ်ကိုင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ ခန္တီး၊ အင်းတော်နှင့် တမူးမြို့နယ်တို့တွင် ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ဘ၀မြှင့်တင်ရန်၊ စိုက်ပျိုးရေး လုပ်ကိုင်လိုသည့် မြေယာမဲ့ ပြည်သူများကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)