နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်းမြင့်လယ်ယာဧက (၂၀၀)ဖော်ဆောင်ပေးသွားမည်

မုံရွာ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်းမြင့်လယ်ယာမြေ ဧက(၂၀၀)ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မိရိုးဖလာစိုက်ပျိုးနည်းဖြစ်သော ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုး နည်းစနစ်များဖြင့်အများဆုံး စိုက်ပျိုးလျက်ရှိသဖြင့် ရေရှည်တွင်သစ်တောဧရိယာ ဆုံးရှုံးမှုများပြီး သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုကိုလျော့ချနိုင်ရန် ကုန်းမြင့်လယ်ယာမြေစနစ်ကို ဖော်ဆောင် လုပ်ကိုင် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

“နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လက်ရှိလုပ်ကိုင်နေတဲ့ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးနည်း စနစ်က သစ်တောတွေ ပြုန်းတီးတယ်၊ နောက်ဆက်တွဲအနေနဲ့ မြေဆီမြေလွှာတွေ ဆုံးရှုံးတဲ့အတွက် ရေရှည်မှာ စိုက်ပျိုးမြေ နေရာအခက်အခဲကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်လာမယ် ဒါကြောင့် ရေရှည်အသုံးပြုနိုင်ပြီး သစ်တောသစ်ပင်တွေကို ကာကွယ်ပြီးသားဖြစ်မယ်၊ ဒေသမှာလည်း အမြဲစိမ်းလန်းစိုပြည်နိုင်စေမဲ့ စိုက်ပျိုးနည်းစနစ်ဖြစ်တဲ့ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်းမြင့်လယ်ယာမြေဖြစ်သော ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ်ကို လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်များတွင် ဧက(၂၀၀)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်ကလည်း လဟယ်မြို့နယ်အတွင်း ဧက(၁၅၀)ကို ဖော်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)