ငဖဲ ဒီဇင်ဘာ ၂၈
မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ တောသူလယ်သမား များ စပါး မစိုက်ပျိုးခဲ့ရသည်မှာ နှစ်နှစ်ရှိနေပြီး မိုးဦးကာလ စိုက်ပျိုးသီးနှံများလည်း ဖြစ်ထွန်းအောင်မြင်မှု နည်းပါးကြောင်း ဒေသခံများထံက သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လေးအိမ်စု၊ ရေပုတ်၊ ငါးရံချောင်း၊ကန်ရွာနှင့် ညောင်ကိုင်းကျေးရွာများမှ တောင်သူများမှာ ၂၀၁၉ ခုနှစ်မှ စတင်ပြီး မိုးရွာသွန်းမှု နည်းပါးခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ စပါးမစိုက်ပျိုးကြရကြောင်း တစ်ဦးလျှင် လယ်တစ်ဧကခွဲခန့်မှ သုံးဧကကျော် အထိရှိကာ စပါးမစိုက်ပျိုးရ၍ မိုးကာလ နှမ်းသီးနှံများ စိုက်ပျိုးကြရာမှာလည်း မိုးခေါင်၍ နှမ်းသီးနှံများထိခိုက် ပျက်စီးခဲ့ကြရကြောင်း လေးအိမ်စုကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်သိန်းက ပြောသည်။
" ကျွန်တော်တို့ ဒီဒေသက မနှစ်ကစပြီး မိုးမရွာလို့ လယ်မစိုက်ရတာပါ၊ လယ်တာစိုက်ရမယ် ဆိုရင် တစ်ဧကနဲ့ ဒသမ နှစ်ဆယ်ကို စပါးတင်းရေ တစ်ရာနှစ်ဆယ်လောက်ရတယ်၊ ဒါဆို အိမ်မိသားစု စားဖို့ နှစ်နှစ်စာလောက် ဖူလုံတယ်၊ အခုနှစ်ဆိုရင် မိုးဦးစိုက်တဲ့ နှမ်းတွေ ပျက်တဲ့အပြင် မိုးလယ်ပိုင်းက စိုက်တဲ့ နှမ်းကလည်း ဘာမှမဖြစ်ဘူး အကုန်လုံးနီးပါးဖျက်ပြီး မြေပဲစိုက်တာကလည်း ဖြစ်လောက် အောင် မရှိဘူး " ဟု ဦးကျော်သိန်းက ပြောသည်။
အဆိုပါ ဒေသများအနီးမှ ငါးရံချောင်း၊ ပဇီချောင်းနှင့် ရှစ်ခုချောင်းတို့မှာလည်း ရေနည်းခဲ့ သဖြင့် တောင်သူများအနေဖြင့် ရေတင်၍ စိုက်ပျိုးမရ ဖြစ်ကြရသည့်အပြင် ရေတွင်းတူးပြီး စိုက်ပျိုးရန် အတွက်လည်း သုံးတောင်ခန့်မှာ မြေကျစ်ခံနေလို့ ရေအခက်အခဲ ဖြစ်ကြရကြောင်း၊ နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီ၊ မေလတို့တွင် သောက်သုံးရေ အခက်အခဲ ဖြစ်ကြရကြောင်း ဒေသခံ တောင်သူများထံက သိရသည်။
“ အခုနှစ်က မိုးမရွာလို့ စပါးစိုက်ရဖို့ နေနေသာသာ ရွာနီး ချောက်စပ်မှာကို မျှစ်ချိုးလိုး မရဘူး၊ အရင်နှစ် တွေကဆိုရင် မိုးကောင်းတော့ ရွာအနီးအနားကနေ မနက်စာထွက်သွားရင် အမျိုးသမီး တစ်ယောက် တောင် မျှစ်လေးပိဿာ ငါးပိဿာ ရတယ်။ အခုနှစ်က မိုးမရွာတော့ မျှစ်ပေါက်တာ တောင် မမြင်ရဘူး " ဟု လေးအိမ်စုကျေးရွာက ဒေါ်သန်းမြိုင်က ပြောသည်။
ငဖဲမြို့နယ်တွင် ရပ်ကွက် နှစ်ရပ်ကွက်၊ကျေးရွာအုပ်စု(၃၁)အုပ်စု၊ ကျေးရွာ(၇၈)ရွာရှိပြီး အဓိက သီးနှံ ၁၀ မျိုးဖြစ်သည့် စပါင်း၊ မြေပဲ၊ နှမ်း ၊နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင် ချည်ဝါ၊ကြံ၊ အစေ့ ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု စိုက်ဧကစုစုပေါင်း(၃၈၂၇၉)ဧကရှိကာ၊ မန်းချောင်းရေလှောင် တမံဆည်မှ အကျိုးပြု ဧကပေါင်း(၃၀၅၄)ဧကနှင့် ရင်းရှည်ရေလှောင်တမံ ဆည်မှ အကျိုးပြုဧကပေါင်း (၅၅၅)ဧကရှိသဖြင့် ဆည်ရေရရှိသည့် စပါးခင်းအများစုမှာ ဖြစ်ထွန်းအောင်မြင်ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)