အုတ်ဖို ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က မီးလောင်မှုဖြစ်စဉ်မှ မီးဘေးသင့်အိမ်ခြေ(၇)လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယနေ့နံနက် ၁၀နာရီအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မီးဘေးသင့်ပြည်သူ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး ထောက်ပံ့ငွေကျပ် (၇သိန်း) နှင့် မီးဘေးသင့်ပြည်သူ (၂၂) ဦး အတွက် ဆန်ထောက်ပံ့ငွေ (၄၆၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄၆၂၀၀) ကျပ်နှင့် (၇) အိမ်ထောင်စုအတွက် ပစ္စည်း(၁၉) မျိုးပါ ပလပ်စတစ်ပုံးများကို သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)