မင်းဘူး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အတွင်းမှ တောင်သူများသည် ဆားဗွက်ချောင်း အတွင်း မြေနုကျွန်းထဲတွင် ကြက်သွန်နီ ဧကများများစိုက်ရန် ရာထားကြသော်လည်း ကြက်သွန်နီ ဈေးမကောင်း၍ တွက်ခြေ မကိုက်မှာ စိုးရိမ်နေကြသည်။
ဆားဗွက်ချောင်းအတွင်း မြေနုကျွန်း စိုက်ကွက်များတွင် စိုက်ပျိုးကြသည့် တောင်သူများမှာ ဦးမြင့်ရွှေ၊ ဦးမောင်ကို၊ ဦးလှိုင်မြင့်၊ ဦးနိုင်၊ ဦးတိုးမောင်တို့ ဖြစ်ကြပြီး မုံလာဥ၊ မုန်ညှင်း၊ နံနံပင်၊ ပန်းမုံလာ၊ ပန်းနှမ်း၊ ကုလားပဲများ စိုက်ပျိုးထားကြသော်လည်း ကြက်သွန်နီကိုသာ များများစိုက်ပျိုးကြရန် မြေကွက်များဖော်ပြီး ထွန်ယက် နေကြသူများ ဖြစ်ကြသည်။
သို့သော် ယခင်နှစ်များက ကြက်သွန်နီ တစ်ပိဿာလျှင် ၁၈၀၀၊ ၂၀၀၀၊ ၂၅၀၀ကျပ် ဈေးများ ရှိသော်လည်း ယခုနှစ်တွင် ဖောက်သည်ဈေး ကြက်သွန်နီ တစ်ပိဿာ ၄၅၀/၅၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာ ၈၀၀/၉၀၀ကျပ် ဈေးသာရှိတော့သဖြင့် ယခင်နှစ် ကြက်သွန်နီ ပေါက်ဈေး များထက် ဈေးနှုန်းများစွာ ကျဆင်းနေသည့်အတွက် တောင်သူများက ဆောင်းကြက်သွန်နီများ ပေါ်သည့်အခါ အမြတ်နည်းပြီး တွက်ခြေမကိုက်မှာ စိုးရိမ်နေကြသည်။
"ကျွန်တော်တို့ အားလုံးကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာရင်တော့ အရောင်း အဝယ် လေးတွေ သွက်လာပြီး ကြက်သွန်နီ ဈေးတက်လာကာ ကျွန်တော်တို့လုပ်ငန်းလေးတွေ အဆင်ပြေသွားကြမှာဖြစ်ကြောင်း ယခုတော့ ထွန်ယက်ခ၊ မြေဆီဖိုး၊ ဆေးဖိုး၊ ပျိုးပင်ဖိုး၊ စိုက်ပျိုးခများကို သိန်းဆယ်ဂဏန်းနဲ့ချီပြီး ကုန်ကျထားကြကြောင်း ကြက်သွန်နီ ဈေးကောင်းပါမှ အမြတ်များများရပြီး အဆင်ပြေသွားကြမှာပါ '' ဟု မင်းဘူး(စကု)မြို့နယ် ရွှေတပင်ကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ဦးမြင့်ရွှေက ပြောသည်။
ဇေယျာထက် (မင်းဘူး)