မြဝတီ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ ယိုယွင်းပျက်စီး၍ အန္တရာယ်ရှိသော အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အား ဖျက်သိမ်း၍ အဆိုပါနေရာတွင် ပေ( ၁၀၀ X ၃၀ ) RCC (၂) ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။
ထို့သို့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားကျင်းပခဲ့ရာ ကရင်ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပေ( ၁၀၀ X ၃၀ ) RCC (၂) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာ အား ပန္နက်တိုင်ရိုက်ပေးပြီး အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို သပြေသုခဆောက်လုပ်ရေးကုမ္ပဏီမှ (၂၀၂၀-၂၀၂၁)နှင့်(၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်များတွင် နိုင်ငံတော်ဘတ်ဂျက် စုစုပေါင်းငွေကျပ် (၁၆၀.၄၀) သန်းဖြင့် တာဝန်ယူ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်