မော်လမြိုင်မြို့တွင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း သား/သမီးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

မော်လမြိုင်  ဒီဇင်ဘာ ၂၉

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအဖြစ် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း သား/သမီးများအား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက“ယနေ့အခမ်းအနား ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများရဲ့ သား/သမီးများကို ဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနား ဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်  မိမိတို့၏ သားသမီး များကို ယခုလိုထူးချွန်ထက်မြက်သူ များဖြစ်စေရန် လုပ်ငန်းတာဝန်များ ပင်ပန်းဆင်းရဲမှု များကြားမှ ကြိုးစားရုန်းကန်းဆောင်ရွက်ပေးနေရ ခြင်းအတွက် ယခုလိုအခမ်းအနားနဲ့ ဂုဏ်ပြု ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ သားတို့ သမီးတို့အနေ နဲ့လည်း မိဘများ၏ တာဝန်များ ကိုသိရှိပြီး ထူးချွန်သော ပညာတတ်ကြီးများဖြစ်အောင် နိုင်ငံတော်၏ သားကောင်း သမီးကောင်း ရတနာများ ဖြစ်ထွန်းလာအောင်  ပြည်သူနဲ့တစ်သားတည်းရှိပြီး ပြည်သူ ချစ်ခင်လေးစားတဲ့ နိုင်ငံတော်အတွက် အင်အားတွေဖြစ်စေမယ့် လူသားစွမ်းရည်ရှိတဲ့ အသိပညာရှင် အတတ် ပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါလို့” ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း သား/သမီးများအား ဂုဏ်ပြု ဆုပေးအပ် ချီးမြှင့်ရာ ခြောက်ဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ လေးဘာသာဂုဏ် ထူး ရရှိသူတစ်ဦး၊ သုံးဘာသာဂုဏ်ထူး ရရှိသူတစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ခြောက်ဘာသာဂုဏ် ထူးရှင် မယဉ်မြတ်သူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)