ကလေး ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာနေ တောင်သူများ သဘာဝမြေဩဇာ ပြုလုပ် အသုံးပြုနိုင်ရန်အတွက် ရာဇဂြိုဟ် နည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ရှိသူများသည် တောင်သူ ဦးသန်းဇော် ကွင်းအမှတ် ၆၄-ကပြင် ဦးပိုင်အမှတ်-၁ ခြံဝင်းအတွင်း၌ E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်းများကို ယမန်နေ့နံနက်ပိုင်းက လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများသည် E.M ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာကြသည့် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲဖြန့်ဝေခဲ့ကြသည်။
အဆိုပါ E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲသို့ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့် အကျိုးဆောင် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလေးမြို့နယ ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးရေး အခက်အခဲရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများမှ ချိတ်ဆက်ကာ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)