ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်တွင် နေထိုင်ရေး ကြေညာ ထားသည့် အချိန်ကာလအတွင်း သင်္ဘောခရီးစဉ်များ ကို အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ရပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်အသီးသီးသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ခရီးသည်များစီးနင်းလိုက်ပါမှု များလာ ခြင်းကြောင့် ခရီးသည်များသွားလာမှု အဆင်ပြေချောမွေ့ စေရေးနှင့် ခရီးသည်များ စုပြုံမှု မဖြစ်ပေါ်စေရေးအတွက် သင်္ဘော ခရီးစဉ်များကို အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြီး ယနေ့တွင် စတင်ပြေးဆွဲ ပို့ဆောင် ပေးလျက်ရှိကြောင်းသိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ (စီမံ၊ ကွပ်ကဲ) မန်နေဂျာ ဦးကျော်ထူးအောင်က “ ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်းအနေနဲ့ အခုရက်ပိုင်းက ခရီးသည် သွားလာမှု ပုံမှန်မရှိသေးဘူး။ ရုံးပိတ်ရက်တွေမှာသာ ခရီးသည် စီးနင်းမှုများလို့ သင်္ဘော ခေါက်ရေ တိုးပြီးတော့ ပြေးဆွဲပေးတာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က ရေယာဉ် ခရီးစဉ် တစ်ခေါက်မှာ ခရီးသည် နည်းနည်းနဲ့ ပို့ဆောင်ပေးရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းအောင်နဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ဖြစ်ပါတယ်။ ခုချိန်ထိ ခရီးသည် အရမ်းများလာတာတော့ မရှိဘူး။ ဧရာဝတီတိုင်းကလည်း ရန်ကုန်တိုင်းအတွင်းကို ဝင်ထွက် သွားလာမှု ကန့်သတ် ထားတာရှိသေးတဲ့အတွက် ခရီးသည်နည်းပါတယ်။ အဲ့ဒါကြောင့် သင်္ဘော ခရီးစဉ်ကို အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက် နှုန်းကို ဒီနေ့ကစပြီးတော့ ခရီးသည် အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် ပြေးဆွဲပေးတာဖြစ်ပါတယ် ” ဟု ပြောသည်။
အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ယမန်နေ့နံနက်တွင် စတင်ပြီး အစိုးရ ရုံးဖွင့်ရက်များကို နေ့စဉ် နံနက် ၅ နာရီခွဲ မှ ည ၈ နာရီခွဲ အချိန်ထိ အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက် နှုန်းဖြင့် လည်းကောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များကို နံနက် ၆ နာရီမှ ည ၈ နာရီထိ အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ်မျာအား ခေါက်ရေတိုးပြီး ပြေးဆွဲ ပေးသွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက် ခရီးသည်စီးနင်းလိုက်ပါမှုအနေဖြင့် (၇,၀၀၀) ဝန်းကျင်နှင့် ရုံးဖွင့်ရက် များတွင် ခရီးသည် (၁၁,၀၀၀) ဝန်းကျင်ခန့် ကူးသန်း သွားလာလျက်ရှိပြီး ချယ်ရီရေယာဉ်(၃)စီးဖြင့် အလှည့်ကျ ပြေးဆွဲပို့ဆောင် ပေးလျက်ရှိသည်။ ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ် ပြေးဆွဲချိန်က တစ်ရက်လျှင် ခရီးသည် (၃၀,၀၀၀) ဝန်းကျင် စီးနင်းလိုက်ပါ ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)