သန်လျင်မြို့ ပဲခူးစုရပ်ကွက် မြူခဝါရုံကန် (ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေနေရာအဖြစ် ပြင်ဆင်မှုများဆောင်ရွက်

သန်လျင် ဒီဇင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာအဖွဲ့မှ ပဲခူးစုရပ်ကွက်ရှိ မြူခဝါရုံ ကန် (ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်အတွက် စက်ယန္တရားကြီးများဖြင့် ပြင်ဆင်မှုများလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

လက်ရှိ ဒီရေကန်ကို မြေသားတူးဖော် ဆယ်ယူရေးလုပ်ငန်းနဲ့ ရေကန်သန့်ရှင်းရေးလုပ်ငန်း တွေ၊ မြေသားကန်ဘောင်ဖို့တာတွေကို စက်ယန္တရား ကြီးတွေနဲ့ ဆောင်ရွက်နေပါတယ် အဲ့ဒီ မြေသားတူးဖော်တာတွေ ကန်ဘောင်ညှိတာတွေ ရေကန်သန့်ရှင်းရေးလုပ်ငန်းတွေပြီးရင် တော့ ပန်းအလှ စိုက်ပျိုးတာတွေနဲ့ ပြည်သူတွေအပန်းဖြေအနားယူဖို့ ထိုင်ခုံတွေ အပန်းဖြေ နေရာအလှတွေကို အဆင့်ဆင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်ဟု သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။

သန်လျင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်း မွန်ရေးနှင့် စည်ပင်သာရေးအဖွဲ့ပိုင် ဈေးများ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များအား သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)