ထီးလင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြသ ဆောင်ရွက်

ထီးလင်း ဒီဇင်ဘာ ၂၉

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၌ မီးလန့်မှု၊ မတော်တဆ မီးလောင်မှုများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်မှု ထိရောက်စေရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိနေသည့် လူများရှိပါက အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်သရုပ်ပြခြင်း တို့ကို ယမန်နေ့ နေ့လယ် ၁ နာရီက ထီးလင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် ဖိုးသဲကြီးလမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့် အဆောက် အဦများ တိုးတက် ဆောက်လုပ်လျက်ရှိရာ အဆောက်အဦများသည် Steel Structure များ ဖြစ်လာခြင်း၊ လမ်းကျဉ်းသည့်နေရာများတွင် မီးသတ်ယာဉ်များ နေရာယူ ငြှိမ်းသတ်နိုင်ရန်နှင့် ဝင်/ထွက် သွားလာနိုင်ရန် ခက်ခဲလာခြင်း၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ် တပ်ဖွဲ့ဝင်များ အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများ စွာ ကြုံတွေ့လာနိုင်ခြင်းနှင့် မီးလောင်ပြင် ရေပြတ်တောက်မှု မရှိစေရေး တို့အတွက် ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးက ပြောကြားခဲ့သည်။

ပူပြင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရာသီအကူးအပြောင်း ကာလတွင် ဆောင်ရွက် သည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြမှုအား မြို့နယ် မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)