မုံရွာ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မီးဘေးအန္တရာယ်ကာကွယ်တားဆီး နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး ငွေကျပ် (၂၁၆၄.၄)သန်းကို လျာထားသုံးစွဲသွားမည်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်မြင့် ထံမှ သိရသည်။
“ ပြောင်းလဲလာသည့် အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ဖို့လိုအပ်တဲ့ ပစ္စည်းများကို ဘဏ္ဍာရေးနှစ် အလိုက် ဖြည့်တင်း ဝယ်ယူ အသုံးပြုနေတာဖြစ်တယ်၊ အဲဒီအတွက်လိုအပ်တဲ့ နေရာတွေမှာထားရှိဖို့ မီးငြှိမ်း သတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေကို ထပ်မံဝယ်ယူဖြည့်တင်းပေးတာဖြစ်ပါတယ်၊ အထပ်မြင့် အဆောက်အဦတွေ၊ မီးငြှိမ်း သတ်ယာဉ်တွေ အဝင်အထွက်လုပ်ဖို့ ခက်ခဲတဲ့မီးလောင်မှုတွေမှာ အသုံးပြုဖို့နဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်မီလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ယာဉ်တွေ ပစ္စည်းတွေကိုလည်း ထပ်မံဝယ်ယူသွားမှာဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့် ကပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေဂါလံ (၂၀၀၀)ဆံ့ ရေသယ်ယာဉ် (၁၀)စီး၊ (13 HP)အပေါ့စား မီးငြှိမ်းသတ်စက်(၁၃၄)လုံး၊ Hydrulic Rescue Tools (၁၀)စုံ နှင့် Unmanned Fire Fighting Vehicle (LUF 60) တစ်စီးတို့အား ဝယ်ယူဖြည့်တင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)