ထန်ပါခွေ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ဦးပါဟရို၏ ချဉ်ပေါင်ဖာလာ (အာလာဂျီ) စိုက်ခင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းအတွင်း နည်းပညာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ စိတ်ပါဝင်စားသော ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မိတ်ဆက်ပွဲတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝေမင်းဦးက သမားရိုးကျရွှေ့ပြောင်းတောင်ယာ မှ အတည်တကျ ရေရှည်တည်တံ့ခိုင်မြဲ လုပ်ကိုင်စိုက်ပျိုးနိုင်စေရေး၊ ချဉ်ပေါင် ဖာလာတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် တောင်သူများ၏လူနေမှုဘဝအဆင့် အတန်းမြင့်မားလာစေရေးနှင့် ချဉ်ပေါင် ဖာလာသည် ထန်ပါခွေမြို့တွင် အောင်မြင်ဖြစ်ထွန်းနိုင်သော သီးနှံဖြစ်၍ ကွင်းအတွင်း နည်းပညာမိတ်ဆက်ပွဲကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထန်ပါခွေမြို့တွင် ချဉ်ပေါင်ဖာလာ(အာလာဂျီ) စိုက်ပျိုးမှုရှိသော်လည်း အနာဂတ်တွင် အိန္ဒိယနိုင်ငံမှ ဈေးကွက်ဝယ်လိုအား ရှိလာနိုင်သောကြောင့် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း၊ တိုးချဲ့စိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ပြောသည်။
ဟန်ထွန်း(အင်းဝ)