ဆောမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လိုက်လံ နှိုးဆော်

ဆော ဒီဇင်ဘာ ၂၉

မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကိုစနစ်တကျ သုံးစွဲတတ်စေရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ လိုက်နာရမည့် အချက်များကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ရပ်ကွက် အသီးသီးတွင် မီးသတ်ယာဉ်ဖြင့် ရက်သတ္တပတ်လျှင် ၂ ရက် အသိပေး လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရ သည်။

အဆိုပါ အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးထွန်းမြင့်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် နေထိုင်ကြသောပြည်သူများအား မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသော မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးကိုစနစ်တကျ သုံးစွဲရေးတို့အား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် မိမိနေ အိမ်တွင် မီးချိတ်၊မီးကပ်၊သဲပုံး၊ရေပုံး၊မီးသတ်ဆေးဘူးများအား ဆောင်ထားကြရန်၊နေအိမ်တွင် လူမရှိဘဲ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများထွန်းညှိခြင်းကို မပြုလုပ်ကြရန်တို့အား လိုက်လံနှိုးဆော်နေကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)