ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်း

မော်လမြိုင် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများအား တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက အဆိုပါရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက (မဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ ဆရာတော်အရှင်သူမြတ်ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဝဲပျံကျောင်းတိုက် ဆရာတော်ကြီးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီးမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများအတွက် အလှူတော်ငွေများကို ဆရာ တော်သံဃာတော်များနှင့် အလှူရှင်များမှ ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စေတီ တော်မြတ်ကြီးပုံတော်တို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် မော်လမြိုင်မြို့ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်း မံခြင်းလုပ်ငန်းများအတွက် တတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့် အလှူရှင်များက  စုစုပေါင်းငွေကျပ်သိန်း(၄၅၀)ကျော် လှူဒါန်းခဲ့ကြကြောင်းသိရ သည်။

ခရိုင်(ပြန်/ဆက်)