စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သဘာဝပိုးပြေးဆေး ပြုလုပ် သုံးစွဲနည်း လက်တွေ့သရုပ်ပြဆောင်ရွက်

စစ်ကိုင်း ဒီဇင်ဘာ ၂၉

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဆင်တပ်ကျေးရွာ တောင်သူ ဦးညွန့်ဝင်း၏ နေအိမ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက် တောင်သူများအား သဘာဝပိုးပြေး ဆေးပြုလုပ် သုံးစွဲနည်းများ လက်တွေ့သရုပ်ပြဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရာတွင် EM-ဖျော်ရည်အပြင်း(၂)လီတာ၊ သကာရည်(သို့)ထန်း လျှက်ရည်(၅)လီတာ၊ ဆေးရွက်ကြီး(၁)ပိဿာ၊ ငရုပ်သီးစိမ်းအစို(၁)ပိဿာ၊ ဂျင်း(၁)ပိဿာ၊ ကြက်သွန်ဖြူ (၁)ပိဿာ၊ တမာရွက်(၁)ပိဿာ၊ ဒုတ္ထာ(၂၅)ကျပ်သား တို့ပါဝင်ပြီး ဖျော်စပ်ပုံ အဆင့်ဆင့် တို့ကို လက်တွေ့ ပြသပြီး သုံးစွဲရာတွင် မည်သည့်သီးနှံမဆို ဖျော်ရည်(၁)ဆ၊ ရေ(၁၀)ဆ၊ သို့မဟုတ် ဆေးဖျန်းပုံး တစ်ပုံးလျှင် နို့ဆီဗူး တစ်ဗူးနှုန်း ရောစပ်၍ တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် အရွက်ထွက် သည်မှ ရင့်မှည့်ချိန် အထိ ပတ်ဖျန်းပေးလျှင် ပိုးမွှားရောဂါ ကင်းဝေးပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ကြောင်း တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာ မှ တာဝန်ခံတစ်ဦးက ဆွေးနွေး ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများ နှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင်ကြောင်းလည်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ဇော်မြင့်နိုင်