စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုငွေကျပ်(၆၃.၅)သန်းဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ  ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြီးဝကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၆၃.၅)သန်းဖြင့် အရှည် ၂.၀၂ မိုင်ရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 100 kva Transformer (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ (၂၁.၃.၂၀၂၀)ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင်ပေးပို့နိုင် တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။

ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကြီးဝကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ (၄၀၃)ဦးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)