တမူး၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့ဦးစီးမှူး ဒေါ်စန္ဒာထွန်းက ကလေးအလုပ်သမားဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမား ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရတနာ (ပြန်/ဆက်)