နန်းယွန်းမြို့၌ နာဂဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအဉာဏ်ရယူခြင်းအမြင်ဖွင့် သင်တန်းဖွင့်လှစ်

နန်းယွန်း နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ တန်ရှန်းနာဂဒေသအတွင်းရှိ အထင်ကရဖြစ်သော မုဒ်တောင်ရေရှည်တည်တံ့စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအညာဏ်ရယူခြင်း အစီအစဉ် အမြင်ဖွင့်သင်တန်းကို နာဂဒေသဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအသင်းနှင့် မိတ်ဖက်အဖွဲ့ဖြစ်သော ကမ္ဘာ့လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ Worldwide Fund for nature (WWF-Myanmar) မြန်မာနိုင်ငံအစီအစဉ်နှင့် ပူးပေါင်းပြီး လိုအပ်သည့် နည်းပညာများ၊ လူစွမ်းအားအရင်းအမြစ်များ၊ အသိပညာများကို ပံ့ပိုးပေးခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ရှန်းနာဂ​ဒေသ၏ သဘာဝအမွေအနှစ်များကို စနစ်တကျ စီမံဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်၍ အမြင်ဖွင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၊ ဂျူပလီဟောခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် မြို့နယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းချမ်းအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ နန်းယွန်းမြို့နယ်တာဝန်ခံ(N-Ca) ဒေါ်ကင်းလဲ့မှ သဘာဝထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ WWF-Myanmar အဖွဲ့ တာဝန်ရှိသူ ဦးနေမျိုးရွှေက (WWF)အကြောင်းမိတ်ဆက်ခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များနှင် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုနောက် နာဂဒေသအတွင်းရှိ အထင်ကရဖြစ်သော မုဒ်တောင်ရေရှည်တည်တံ့စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအဉာဏ် ရယူခြင်းအစီအစဉ် အမြင့်ဖွင့်သင်တန်းကို  နိုဝင်ဘာလ(၂၆) ရက်မှ(၂၇)ရက်နေ့ထိ (၂)ရက်ကြာ သင်တန်းသား/သူ (၆၀) ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦး၊ အတွင်းရေးမှူး ရဲမှူး ခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းချမ်းအောင်နှင့် အဖွဲ့ဝင်များ၊ နန်းယွန်းမြို့နယ် နာဂဒေသဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အသင်းဝင်များ၊ WWF-Myanmar အသင်းဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)