စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာ သုံးစက်မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက် မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုု့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံစိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဆိုသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျသည့် ကုန်ထုတ်လုပ်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အားပေးဆောင်ရွက်ပြီး ကျေးလက်စီးပွားရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက်  ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံ၊ ဆီ ထွက်သီးနှံအပါအဝင် စိုက်ပျိုးသီးနှံ ၆၀ ကျော်အား ရာသီအလိုက်အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများနှင့် အရင်းအမြစ်များအားအသုံးချပြီး  စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကိုလည်း ရှုထောင့်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအတွက် သွင်းအားစု (ယူရီယားမြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား ဒေသခံတောင်သူများထံ အသီးသီးပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့်စားသုံးဆီများ ခွဲဝေဖြန့်ဖြူးပေးနေမှုများအားလိုက်လံကြည့်ရှု ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များ သက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး၊ပြန်/ဆက်။