ထီးချိုင့် ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးတို့ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ပင်သာနည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ မရသိမ်အုပ်စု၊ မရသိမ်ကျေးရွာရှိ တောင်သူ ဦးစိန်ဖေ၏ ကွင်းအမှတ် (၂၂၇၇) ဦးပိုင်အမှတ် (၁၃) တွင် ယနေ့နံနက် (၉) နာရီအချိန်က ဆောင်းမြေပဲ မကွေး (၁၆) မျိုးစေ့ ထုတ်ကွက် စိုက်ပျိုးခြင်း၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းအား စိုက်နည်းစနစ် မှန်ကန်ရေးအတွက် ညောင်ပင်သာနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံဒေါ်မြတ်နိုးဆွေနှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်း၊ ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွား ခြင်း၊ စိုက်ပျိုးသီးနှံများဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုး များကို စိုက်ပျိုးရန်လိုကြောင်း၊ တောင်သူများအနေဖြင့် နည်းပညာများအခက်အခဲရှိပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများအား အသိပညာ ပေးခဲ့သည်။
ရဲလင်းထွန်း (ထီးချိုင့်)