ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ နှမ်းအထွက်နှုန်းလျော့ပြီး စျေးကောင်းမရဖြစ်နေ

ကောလင်း   ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ ရာသီဥတု ကြောင့် နှမ်အထွက်နှုန်းများလျော့ နည်းပြီး စျေးကောင်းမရရှိသဖြင့် အခက်အခဲများစွာကြုံတွေ့ နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“နှမ်းကမနှစ်က တော်တော်စျေးကောင်းခဲ့တော့ ဒီနှစ်မှာ အများအပြားစိုက်ပျိုးကြပေမယ့် ရာသီဥတုဖောက်ပြန်လို့ နှမ်းအထွက်နှုန်း တော်တော်လေး လျော့တယ်။ မနှစ်ကလောက်လည်း စျေးကောင်းမရဘူး။ ကိုဗစ်ကြောင့်တစ်မျိုး တောင်သူလုပ်ငန်းရှုံးလို့ အကြွေးတင်တာတစ်မျိုးနဲ့ ဒီနှစ်တော့ တောင်သူအားလုံးလိုလို အဆင်မပြေဖြစ်ကြတာ များတယ်”ဟု ကောလင်းမြို့နယ် ရွာရှည် ကျေးရွာက ဦးထူးကြည်ကပြောပြသည်။

ကောလင်းမြို့နယ်အတွင်း နှမ်းစိုက်ကာလနှမ်းကျဲချိန် တစ်လအကျော်မိုးရွာသွန်းမှုများပြား သဖြင့် နှမ်းပင်များလဲကျခြင်းများ ကြုံတွေ့ရသဖြင့် ပျက်စီးမှုများရှိခဲ့ခြင်း စသောရာသီဥတု ဖောက်ပြန်မှုများ ကိုကြုံတွေ့ ခဲ့ရသဖြင့်  တောင်သူအချို့ မျှော်မှန်း ထာသလောက် သီးနှံအထွက် နှုန်း မရခဲ့ကြဟု ဆိုသည်။

ယခင်နှစ်က စမုံနက်နှမ်းတစ်တင်းလျင် ၇၅၀၀၀ကျပ်၊ ရိုးရိုးနှမ်းဖြူမှာ တစ်တင်းလျင် ၅၀၀၀၀ ကျပ် ခန့်ရှိပြီး စျေးတည်ငြိမ်ခဲ့ သော်လည်း ယခုနှစ်တွင် စမုံနက်နှမ်းတစ်တင်းလျှင် ၄၇၀၀၀ မှ ၅၀၀၀၀ ကျပ်အထိလည်းကောင်း၊ နှမ်းဖြူမှာ  ၃၂၀၀၀ မှ ၃၅၀၀၀ကျပ်အထိသာ ကုန်သည် များက ဝယ်ယူနေလျက်ရှိကြောင်းသိရသည်။

ယခုအခါ နှမ်းစိုက်တောင်သူများမှာ နှမ်းစျေးနှုန်းကျနေသော်လည်း စျေးတက်သည့်အထိ သိုလှောင်ပြီးလည်း မထားနိုင်ကြကြောင်း၊ မိသားစုစားဝတ်နေရေး၊ အလုပ်သမားခပေးရန် အတွက် စျေးမကောင်းလည်း ချက်ချင်းရိတ်၊ ချက်ချင်းနေလှမ်းပြီး ချက်ချင်းရောင်းချ နေရကြောင်း သိရသည်။

ယခုနှစ်တွင် စစ်ကိုင်းဒေသကြီး အထက်ပိုင်းရှိ စိုက်ပျိုးထား နှမ်းများမှာ ရာသီဥတုကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းသော်လည်း အချို့မြို့နယ်များတွင် ရိတ်သိမ်းချိန်တွင် မိုးများသဖြင့် အစိုပြန် အညှောင့်ပေါက်ခြင်းများနှင့် ကြုံတွေ့ရကြောင်းလည်း သိရသည်။

မြင့်ထွန်းမင်း (ကောလင်း)