ကျွန်းလှ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ဂေါ်ဖီထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရေးမျှော်လင့်နေကြကြောင်း သိရသည်။
“ ကျွန်တော်တို့ ကျေးရွာနေတောင်သူများဟာ ချောင်းဘေးတစ်လျှက်ရှိ ယာမြေများကို ချောင်းရေတင်စနစ်နဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးကြပါတယ်။ ဒီနှစ် ဆောင်းရာသီမှာ ဂေါ်ဖီထုတ်အပင် ၂၀၀၀ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်။ အခုအခါ သီးနှံပေါ်တော့မှာဖြစ်တဲ့အတွက် ဈေးကောင်းရရှိဖို့မျှော်လင့်နေရပါတယ်” ဟု ရှမ်းစုကျေးရွာ ဂေါ်ဖီထုတ်စိုက်ပျိုးသူ ဦးတင်စိန်က ပြောသည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည့် တောင်သူများအား ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံများထွက်ရှိရေး၊ သွင်းအားစုပစ္စည်းများ ကုန်ကျသက်သာစွာသုံးစွဲနိုင်ရေးအတွက် ဒေသထွက်ပစ္စည်းများဖြင့် သဘာဝအားဆေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအဖြစ်၊ ဂေါ်ဖီထုတ်၊ ပန်းမုန်လာ၊ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊ ကန့်လန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်ညှင်းရွက် စသည့်သီးနှံများစိုက်ပျိုးကြကြောင်း၊ မိသားစုဝင်ငွေရရှိကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ