နေအိမ်အတွင်းဝင်ရောက်နေသော မြွေဟောက်ကြီးတစ်ကောင်အား ကွမ်းခြံကုန်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်ဖယ်ရှားရှင်းလင်း

ကွမ်းခြံကုန်း   ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက် ရတနာပုံ ၂ လမ်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ညပိုင်းက မြွေဟောက်ကြီးတစ်ကောင် ဝင်ရောက် နေသဖြင့် မြို့နယ် မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြား၍ သွားရောက်ဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်မှာ အလျား ၁၈ ပေ၊ အနံ ၅၀ ပေ RC တစ်ထပ်အမျိုးအစားဖြစ်ပြီး အိမ်ထုတ်တန်း ပေါ်တွင် ခိုအောင်းနေသော အရှည် ၅ ပေ၊ လုံးပါတ် ၃ လက်မရှိ မြွေဟောက်ကြီးအား စခန်းတာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၆ ဦးဖြင့် ကြိုးကွင်းစွပ် ဖမ်းဆီးခဲ့ပြီး လူသူအရောက်အပေါက် နည်းပါးသော သုံးခွချောင်းအတွင်း သွားရောက်လွှတ်ပေးခဲ့သည်။

အလားတူ ယခုလ ၁၄ ရက်နေ့ကလည်း ကံကြီး/မကျီး ရပ်ကွက် ကျောင်းလမ်းအတွင်းရှိ နေအိမ်ခြံဝန်း အတွင်းဝင်ရောက်နေသော အရှည် ၅ပေခွဲ၊ လုံးပတ် ၆ လက်မရှည်သော ငန်းတော်ကျား အမျိုးအစား မြွေကြီးတစ်ကောင်အားလည်း သွားရောက် ဖယ် ရှား ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။ မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးဒဏ်ကြောင့် လမ်းမကြီး များပေါ် သစ်ပင်ကြီးများ ပြိုလဲမှုများ ရှိပါက သွားရောက်ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်ခြံဝန်းအတွင်း အဆိပ်ရှိသော သတ္တဝါကောင်များ ဝင်ရောက်နေမှုကို ဖုန်းဆက် အကြောင်းကြားလာပါက သွားရောက် ဖယ်ရှား  ရှင်းလင်းပေးခြင်း စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ မီးသတ်စွမ်းရည်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းရည်ထက်မြက်စေရန်လည်း အပတ်စဉ် လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထွန်းထွန်းစိုး (ကွမ်းခြံကုန်း)