ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းဆောင်ရွက်

ကွမ်းခြံကုန်း   ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့်  မီးဘေးလုံခြုံရေးနှင့်   မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းယမန်နေ့ည(၈)နာရီမှစ၍ အသိပေး နှိုးဆော်ချက်များကိုလှည့်လည်ကြေငြာ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအသိပေးကြေငြာမှုကို မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်သို့လှည့်လည်၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ရပ်ကွက်များ အတွင်း  မီးလန့်မှုမီးလောင်မှု မဖြစ်ပေါ်စေရေး အတွက် အိမ်တိုင်း အိမ်တိုင်း မီးကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန် ထားသောအချက် (၂၁)ချက်အား နှိုးဆော်အသိပေး၍ လိုက်နာကြရန်   မေတ္တာရပ်ခံ ပန်ကြားခြင်း၊ နေအိမ်ခြံဝန်းများအတွင်း မီးလောင်လွယ်သော အမှိုက်သရိုက်များကို ရှင်းလင်း ထားရန်၊ ထင်းမီးဖို၊ ဓာတ်ငွေ့မီးဖိုနှင့်  လျှပ်စစ်မီးဖို များအား   စည်းကမ်းတကျ ကိုင်တွယ် အသုံးပြုရန်၊ မိမိတို့ နေအိမ်များတွင်  မီးငြိမ်းသတ်ရေး  ကိရိယာများဖြစ်သော ရေအိတ်၊ သဲအိတ်၊ လှေကား၊ မီးချိပ်၊ မီးကပ်တို့ကိုပြည့်စုံစွာထားရှိရန်တို့ကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ က လှည့်လည်အသိပေး  ကြေငြာခဲ့ သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုပါထည့်သွင်း ကြေငြာ ပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)