ဆိပ်ဖြူ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက် ဆောင်းသီးနှံ ရာသီစာ ကုန်စိမ်း ပန်းမုံလာများ လှိုင်လှိုင်ပေါ် ထွန်းသည့် ကာလဖြစ်သည့်အတွက် ပန်းမုံလာစိုက်ပျိုးသူများ အဆင်ပြေ ကြကြောင်း သိရှိရသည်။
ဆိပ်ဖြူမြိူ့နယ် ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် မိမိတို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံ မြေများတွင် ရာသီအလိုက် ကုန်စိမ်းသီးနှံများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်၍ ဆိပ်ဖြူမြို့နှင့် ချောက်မြို့ဈေးများသို့ရောင်းချလျှက်ရှိပြီး လက်ရှိအချိန်တွင် ပန်းမုံလာများကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ အတွက်အဆင်ပြေကြကြောင်းသိရှိရသည်။
ပန်းမုံလာကိုစိုက်ပျိုးရန် ဝါဆိုလနှင့် ဝါခေါင်လတို့တွင်စတင်၍ နွားချေး၊ နှမ်းဖတ် မြေဩဇာ များကို စိုက်ပျိုးမြေ၌ ထည့်သွင်း အသုံးပြု၍ မြေပြင်ခြင်း ၊ပျိုးထောင်ခြင်းများဆောင်ရွက် ကြပြီး တော်သလင်းလတွင် မြေချ စိုက်ပျိုးခဲ့ကြကြောင်း၊ တန်ဆောင်မုန်း လကုန်ပိုင်းတွင် စတင်ပေါ်ပြီး နတ်တော်လတွင် ပန်းမုံလာများ လှိုင်လှိုင်ပေါများပြီး ရောင်းချနေရကြောင်း၊ ပန်းမုံလာ စိုက်ပျိုး ရာတွင် သဘာ၀မြေဩဇာများကို အဓိကထားသုံးစွဲစိုက်ပျိုးပြီး ဓာတုဆေးဝါးများကိုသုံးစွဲမှု နည်းကြောင်း၊ စားသုံးသူပြည် သူများ ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်းများမခံစားရစေရန် စတင်ပွင့် သည့်အချိန်တွင် ဓာတုပိုးသတ်ဆေးများ သုံးစွဲထားခြင်း မရှိကြောင်း ၊လက်ရှိဈေးကွက်တွင် ပန်းမုံ လာကို သုံးပွင့်လျှင် (၁၀၀၀) ကျပ်နှုန်း၊ အပွင့်ကြီးတစ်ပွင့် (၅၀၀) ကျပ်နှုန်းဖြင့် အပွင့်/အကြီး အသေးပေါ်မူတည်၍ ရောင်းချရပြီး စိုက်ပျိုးသူများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ဖောက်သည်ဈေးဖြင့် လည်းကောင်း ရောင်းချနေရပြီး ဖောက်သည်ဈေးက ပန်းပွင့်အပေါ်မူတည်၍ ၂၀၀ ကျပ်မှ ၃၀၀ကျပ်အထိရှိကြောင်း၊ စားသုံးသူ ပြည်သူများလည်း ရာသီပေါ် သီးနှံကို သန့်ရှင်း လပ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်မှု ရှိသလိုယခု အနေ အထားဖြင့်ဆို စိုက်ပျိုး ရောင်းချသူများလည်း ဈေးကွက်အနေအထားဖြင့် အဆင်ပြေပြီး၊ အခြားအရပ်ဒေသမှ ပန်းမုံ လာများ ဝင်ရောက်လာလျှင် ဈေးရရှိမှု နည်းသွားနိုင်ကြောင်း ပန်းမုံလာ စိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။
ကိုဇွဲ(အညာမြေ)