လှည်းကူးမြို့နယ်၌ (၁၂)ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ ရိုးထဲထိုးကျ

လှည်းကူး ဒီဇင်ဘာ ၂၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် ရန်ကုန်-ပဲခူးလမ်းဘေး မင်းကျောင်းရိုးမြောင်းထဲသို့ ယနေ့နံနက်(၅) နာရီ(၁၅)မိနစ်ခန့်က (၁၂)ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ ရိုးထဲ ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်(၅)နာရီ(၁၅)မိနစ်ခန့်က ယာဉ်မောင်း ဦးသိန်းမင်းထိုက် (၂၄)နှစ် မောင်းနှင်လာသော 8F/----- နီဆန်း(၁၂)ဘီး၊ ကုန်တင်ယာဉ် အမျိုးအစား အပြာရောင်ယာဉ်သည် ရန်ကုန်-ပဲခူးလမ်းအတိုင်း လှည်းကူးဘက်မှ ထောက်ကြန့်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်အားအရှိန် မထိန်းနိုင်ဘဲ မင်းကျောင်းရိုးထဲသို့ ထိုးကျခဲ့ပြီး ကားခေါင်းအတွင်း ညပ်မိနေသူ ယာဉ်မောင်းတွင် ဝဲဘက် ခြေသလုံးဖူးရောင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်အားပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း ဦးသိန်းမင်းထိုက်အား လှည်းကူးမြို့မ ရဲစခန်းမှ ဥပေဒ အရ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)