ဒလမြို့နယ်၌ “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ်ဖြင့်  Talk Show အသိပညာပေး ဆွေးနွေး

ရန်ကုန် ဒီဇင်ဘာ ၃၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပသော “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ် ဖြင့်  အွန်လိုင်းမှ တစ်ဆင့်  Talk Show အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက  ဒလမြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်သဇင်ဦးက မသန်စွမ်းဖြစ်ရသော အဓိက အကြောင်းအရင်းများ၊ မသန်စွမ်း အမျိုးအစား၊ မသန်စွမ်းသူများ ပညာသင်ကြားနိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအတွက် လူတိုင်း အကျုံးဝင် ပညာရေး Inclusive Education အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မေးမြန်း ခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်ထက်ထက်အေးက ယခုလိုဖြေကြားဆွေးနွေးခဲ့သည်။

 “ မြန်မာနိုင်ငံလူဦးရေရဲ့ ၄ ဒဿမ ၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူတစ်ရာမှာ ၅ ဦးခန့်ဟာ မသန်စွမ်းသူများ ဖြစ်ကြတယ်လို့  ၂၀၁၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင် စာရင်းက ဖော်ထုတ်ခဲ့လို့သိရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင် စာရင်းရဲ့ ရှေ့ပြေး ရလဒ်များအရ လူဦးရေ ရဲ့ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူများ ဖြစ်ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်ဟု ပြောကြားခဲ့သည်။

မသန်စွမ်းသူဆိုသည်မှာ မွေးရာပါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ ချွတ်ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေကြ ရသူများဖြစ်ကြောင်း၊ မသန်စွမ်းဖြစ်ရသော အဓိက အကြောင်း အရင်းအနေဖြင့် မွေးရာပါ၊ မျိုးရိုးဗီဇ နှင့် အသက်ရှင်စဉ် မတော်တဆမှု တစ်ခုခုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး၊ မသန်စွမ်း အမျိုးအစား ၄ မျိုးရှိရာ ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အကြား အာရုံနှင့် ဉာဏ်ရည် မသန်စွမ်း တို့ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများ ပညာသင်ကြားနိုင်ရန်အတွက်  Special School ကျောင်းများ ဖြစ်သော မျက်မမြင် ကျောင်း၊ နားမကြားကျောင်း၊ မသန်စွမ်းသက်ငယ် သင်တန်း ကျောင်းများ ဖွင့်လှစ်ပြီး အထူးပညာရေးစနစ်ဖြင့် သင်ကြားပေး လျက်ရှိသလို၊  မသန်စွမ်းသူများအတွက် ကျောင်း(၈)ကျောင်းဖွင့်လှစ်၍ မသန်စွမ်းမှု အမျိုးအစားပေါ်မူတည်ပြီး လက်ခံ စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။

 “ အမြင်အာရုံမသန်စွမ်းသူများအတွက် မျက်မမြင်ကျောင်း(၂)ကျောင်းကို ရန်ကုန်နဲ့ စစ်ကိုင်းမှာ ဖွင့်လှစ်ထားရှိပြီး ပြည်နယ်တိုင်း အသီးသီးက အသက် ၆ နှစ် မှ ၁၈ နှစ်ထိ အမြင်အာရုံမသန်စွမ်းကလေးများကို ကျောင်းအိပ် ကျောင်းစား လက်ခံ သင်ကြားပေးပါတယ်၊ အခြေခံပညာဦးစီးဌာနက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း များအတိုင်း ကျောင်းတွင်း မူလတန်းကို Braille လို့ခေါ်တဲ့ မျက်မမြင်လက်စမ်းစာပေနဲ့ အခြေခံက စပြီး သင်ကြား ပေးတယ်။ အလယ်တန်းနဲ့ အထက်တန်းကိုတော့ အခြေခံပညာ ကျောင်းတွင် လူတိုင်းအကျုံးဝင် ပညာရေးလို့ခေါ်တဲ့ IE ကျောင်းတွေမှာ သွားရောက်တက်ကြရတယ်၊ အဆင့်မြင့် ပညာရေး ကို တော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ ဆက်လက်သင်ယူနိုင်အောင် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်၊ အတန်းပညာ မသင်ကြားနိုင်တဲ့ မသန်စွမ်း ကလေးများကိုတော့ အသက်မွေးဝမ်းကြောင်းပညာများဖြစ်တဲ့ အကြောပြင် အနှိပ်သင်တန်း၊ ကြိမ်ထိုး သင်တန်း၊ Audio သင်တန်းများကို သင်ကြားပေးတယ် ဟု ဆက်လက်၍ ပြောကြားခဲ့သည်။

ထို့အတူ မသန်စွမ်းကလေးများအတွက် လူတိုင်းအကျုံးဝင်ပညာရေး နှင့် ပတ်သက်၍ ပညာရေး နောက်ကျ ကျန်ရစ်နေခြင်းကို လျော့ချပေးပြီး မသန်စွမ်းကလေးများလည်း အခြားကလေးများနဲ့ တန်းတူ ပညာဆည်းပူးခွင့် ရရှိစေရန် အခွင့်အလမ်းနဲ့ အားလုံး လက်လှမ်းမီသော သင်ယူမှု ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

အကြားအာရုံမသန်စွမ်းသူများအတွက် ရန်ကုန်နှင့်  မန္တလေးတို့တွင် ကျောင်း(၂)ကျောင်း ဖွင့်လှစ်ပြီး သင်ကြားပေးလျက် ရှိကြောင်း၊  အသက် ၆ နှစ် မှ ၁၈ နှစ် အထိ ကလေးများအား ကျောင်းအိပ် ကျောင်းစား လက်ခံသင်ကြားပေးပြီး၊  ရန်ကုန်ကျောင်း၌ ကျောင်းတွင်း မူလတန်းအား Sign Language (လက်သင်္ကေတပြ) ဘာသာစကားနဲ့သင်ကြားပေးကြောင်း၊  ၅ တန်း နှင့် အထက်ကို အခြေခံပညာ (IE) ကျောင်းများတွင်  သွားရောက် သင်ကြားစေခြင်းနှင့်  အသက်မွေးဝမ်းကျောင်းအဖြစ် စက်ချုပ်၊ ဇာထိုး၊ ပန်းထိုးခြင်း လုပ်ငန်းများကိုလည်း သင်ကြားပေးကြောင်းသိရသည်။

ဉာဏ်ရည်မသန်စွမ်းသူများအတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ၂ ကျောင်းကို ဖွင့်လှစ်ပေးထားပြီး ရန်ကုန်နှင့် မန္တလေး တို့တွင် အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မသန်စွမ်းမှု တစ်မျိုး(သို့မဟုတ်) တစ်မျိုးထက်ပိုသော ညဏ်ရည် မသန်စွမ်း ကလေးများကို သူတို့ရဲ့ ဉာဏ်ရည်အလိုက် အထူးပညာရေးစနစ်ဖြင့် ကျောင်းတွင် သင်ကြားပေးခြင်း၊ နေ့စဉ် ဆောင်ရွက်လှုပ်ရှားရာ၌  အမှီခို ကင်းစွာ လှုပ်ရှားနေ့ထိုင်နိုင်ရေးအတွက် လေ့ကျင့် သင်ကြား ပေးခြင်း၊ အချို့ဉာဏ်ရည် မသန်စွမ်းကလေးများအား ပိုက်ဆံကို ရေတွက်တတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်အတွက် Coffee Shop ၊ မုန့်ဖုတ်သင်တန်းများကို သင်ကြားပေးလျက်ရှိသည်။

ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းကို ဖွင့်လှစ် ပေးထားပြီး အသက် ၁၈ နှစ်မှ  ၄၅ နှစ် အတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများအဖြစ် စက်ချုပ်၊ ဆံသ၊ ကွန်ပျူတာ၊ အီလက်ထရောနစ်၊ ဓာတ်ပုံ၊ ပိုးဇာပုံနှိပ်စသည်ဖြင့် ဖွင့်လှစ်၍ သင်ကြားပေးကြောင်းသိရသည်။

နိဂုံးချုပ်အနေဖြင့် မိမိတို့ပတ်ဝန်းကျင်မှာရှိသော မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပညာအရည်အချင်း ပြည့်ဝသူများ ဖြစ်အောင် ကူညီဆောင်ရွက်ပေးရင်း ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီ ပါဝင်ပြီး ရေရှည် တည်တံ့စေရန် ကြိုးစားကြပါစို့ဆိုတဲ့အတိုင်း လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်စို့ တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်လင်းကျော်(ဒလ)