ပွင့်ဖြူ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော် ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ကုန်းဇောင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိရေးအတွက် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ယခုလို တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး ရခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများ စပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်စပါးနှင့် သွင်းအားစုဓာတ်မြေဩဇာများကို ချမ်းမြေဇေယျာ ကုမ္ပဏီမှ ယာယီအကြွေးစနစ်ဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့် တောင်သူများ စပါးသီးနှံ ပေါ်ချိန်တွင်လည်း စပါးတင်းရေ(၁၀၀)လျှင် ငွေကျပ်(၆)သိန်းဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိုက်က မြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သော ဆန်စပါးဈေးကွက် ကောင်းမွန် စေရေးသည် အရေးကြီးသည့်အတွက် တောင်သူများ အခက်အခဲ မဖြစ်စေရေး ယခုကဲ့သို့ ဆန်စပါးဈေးကွက် ဖော်ဆောင်ရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ဆန်စက် လုပ်ငန်းရှင်များ အသင်းအနေဖြင့် တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုး ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စပါးသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းတွင် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )