ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာတွင် E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်

ကလေး ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာရွာနေ တောင်သူများ သဘာဝမြေဩဇာပြုလုပ် အသုံးပြုနိုင်ရန်နှင့်စနစ်တကျ လက်တွေ့အသုံးပြုနိုင်ရန်အတွက် E.M ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကို ယနေ့နံနက်ပိုင်းက ပျဉ်းခုံကြီးစိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့်တောင်သူများအား သဘာဝပိုးသတ်ဆေးအသုံးပြုနိုင်ရန် အတွက်  E.M ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့် တို့ကို လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြ ပြီး E.M ဘိုကာရှီ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်ကာ စိုက်ပျိုးရေး ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် များကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ်ပြပွဲသို့မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးနိုင်ထွန်းဝင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့်အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးရေးအခက်အခဲရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများမှ ချိတ်ဆက်ကာ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)