ကလေးဝမြို့၌ (၃/၂၀၂၅) စာကြည့်တိုက်ပညာသင်တန်းဖွင့်

ကလေးဝ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၃/၂၀၂၅) စာကြည့်တိုက် ပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်း၊ ဒုဦးစီးမှူး ဦးဟာလိန်း၊ ဒုဦးစီးမှူး ဦးအောင်နိုင်ဝင်းတို့က စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစား၊ စာကြည့်တိုက် လုပ်ငန်း၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်း၊ စာကြည့်တိုက်မှူးများ၏တာဝန် ဝတ္တရားများ၊ ကတ်တလောက်ရေးသွင်းခြင်းနှင့် စာအုပ်စစ်ဆေးခြင်း ထိန်းသိမ်းခြင်း ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့သည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ (၃) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဝန်ထမ်း (၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်