ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၃၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာ ရာ၌ Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်၏ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သည့် အမှတ် ၁၂ ရပ်ကွက် ဟိုက်ဆင်ဒူးဝါးလမ်းနှင့် မဟော်သဓာလမ်းတို့တွင် ဖွင့်လှစ်ထားသောပျံကျစျေး၌ သွားလာ နေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် နိုင်ရေးအတွက် Mask တပ်ဆင် လာမှုမရှိသူ (၂၁) ဦးအား ဒဏ်ငွေ (၂၀၀) ကျပ်စီ ပေးဆောင်စေကာ Mask တစ်ခု ပြန်ပေးသည့်စနစ်ဖြင့် ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပြီး Mask Campaign ကို နေ့စဉ်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာများအလိုက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)