စစ်တွေ ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူ ပူဇော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်အဘောင်ရှင်မ နတ်ကွန်းအား သွားရောက်ကြည့်ရှုပြီး နတ်ကွန်းအနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် အဘောင်ရှင်မပူဇော်ပွဲအတွက် မြေနေရာများ စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများက မာန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် ကဏ္ဍများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအား အနွေးထည်များနှင့် အခြေခံစားသောက်ကုန်များကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး မွေးမြူရေးကို အဓိကထားဆောင်ရွက်သော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်သည် ဆန်ဖူလုံမှုနှင့် ဆီဖူလုံမှုရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များဖြင့် ကြိုးစားစိုက်ပျိုး ဆောင်ရွက်သွားမည်ဆိုလျှင် အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း အခြေခံကောင်းများရှိသော မြို့နယ်တစ်ခုဖြစ်သည့် အတွက် ရှိပြီးသားအခြေခံကောင်းများ ကိုအသုံးချကာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းရေး ဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသအတွက်အကျိုးရှိမည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လုံခြုံမှုစနစ်တွင် ပြည်သူများပူးပေါင်းပါဝင်သည့် စနစ်သည်အကောင်းဆုံးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်လျက်ရှိပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် Grade-12 ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာမှုပိုမိုရရှိနိုင်ရန် စာကြည့်ဆိုလာ မီးလုံးများ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတ၊ ရသစာအုပ်စာပေများ၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ၊ ဆိုလာစနစ်ဖြင့် လမ်းမီးများ တတ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးတက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေ ကြသည့်လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ဆေးရုံအတွက် လိုအပ်လျက်ရှိသော ဆေးများရောက်ရှိနေမှုကို ကြည့်ရှုပြီး ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မာန်အောင်မြို့နယ်ရုံးသို့ သွားရောက်ပြီး ပြည်သူ့စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စာအုပ်၊ စာပေများလှူဒါန်းထားမှုအခြေအနေ၊ စာပေလေ့လာဖတ်ရှုသူများ ရောက်ရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးပြီး စာကြည့်တိုက်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုကာ ဖြည့်စွက်စာ ကျွေးမွေးနိုင်ရန်အတွက် အလှူငွေများပေးအပ်ကြပြီး ကျောင်းအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ဟင်းသီးဟင်းရွက်ဈေးတန်းနှင့် အသားဈေးတန်းတို့အား အသစ်ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ဈေးတန်းများ အသစ်ဆောက်လုပ်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးများသန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ဈေးတန်းများအား စနစ်တကျတည်ဆောက်သွားကြရန် မှာကြားပြီး ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ရုံးအား သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ပြန်လည်ပြုပြင်ရန်မှာကြားခဲ့ကာ အနောက်စု ရပ်ကွက်ရှိ မြို့အဝင်ဆိုင်းဘုတ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၌ စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်ကြီး ဦးဆောင်တည်ထားလျက်ရှိသော ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူ လောကဥသျှောင်ဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ ဘုရားကြီးတည်ဆောက်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကုန်းခင်ကျေးရွာတွင် ဇိုင်ပင်ကျေးရွာမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ချင်းရိုးရာဝါးညှပ်အကဖြင့် ဖျော်ဖြေမှုကိုကြည့်ရှုအားပေးပြီး ချင်းရိုးရာအကအဖွဲ့အား ချီးမြှင်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကုန်းခင်ကျေးရွာ၌ မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကုန်းခင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ Grade-12 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် Grade-12 ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာမှု ပိုမိုရရှိနိုင်ရန် စာကြည့်ဆိုလာမီးလုံးများနှင့် စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြားကြီးကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေကန်အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျှော်တော်ဦး ကျေးရွာသို့သွားရောက်ပြီး လမ်းဦးစီး ဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေဖြင့်ဆောင်ရွက် မည့် မာန်အောင်- ငပုန်ကုန်း-မိမ္မကြွယ်လမ်းတွင် မြေသားလမ်းအား ဖို့မြေ၊ ဖြတ်မြေလုပ်ငန်း၊ ဇရပ်ကုန်းခင်ကျေးရွာမှ သစ်ဝလမ်းဆုံအထိ ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် သစ်ဝလမ်းဆုံမှ မျှော်တော်ဦးမုခ်ဝအထိ ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများကို သွားရောက်ကြည့်ရှုကြရာ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စေတနာထားကာ စနစ်တကျ ဆောင်ရွက် သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျှော်တော်ဦးကျေးရွာ စံပြစိုက်ကွက်သို့ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အကျိုးဆောင်တောင်သူများနှင့်အတူ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခဲ့မှု၊ အထွက်နှုန်းကောင်းမွန်မှုနှင့် တောင်သူများအား မျိုးစပါးများဖြန့်ဝေပေးခဲ့မှုအခြေအနေများ၊ ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်က ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် ဓာတ်မြေဩဇာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ လမ်းတံတားများအား ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ ၁၅၀ ပေ၊ (သစ်ချောင်း) သံကူကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်းနှစ်ဖက်နှင့် တံတားပေါ်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ တင်ပြကြပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)