စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပ

စစ်တွေ ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မသန်စွမ်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂကဦးဆောင်ကာ ကမ္ဘာတစ်ဝန်းနှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသော ဦးတည်ဆောင်ပုဒ်မှာ “Fostering disability inclusive societies for advancing social progress” ဖြစ်ပြီး “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သော လူအဖွဲ့အစည်းများ မြှင့်တင်ပေး” ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာ (၅) နှစ်စီမံကိန်းကို ပြဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  မဟာဗျူဟာ (၅) နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီရယူအသုံးပြုနိုင်မှု စသည့်ကဏ္ဍစုံပါရှိကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မသန်စွမ်းမှုကိုအကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး (Leaving no one Behind) မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို မသန်စွမ်းသူများနှင့်အတူပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာဗီဒီယိုအား ပြသသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော မသန်စွမ်းကလေးများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြရာ မသန်စွမ်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်း အားပြသပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ ကျင်းပသော (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ရခိုင်ပြည်နယ်ဂုဏ်ထည်ဝါဖို့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စို့” ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)