ပေါင်းတည်မြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား Mobile ဓာတ်ခွဲစမ်းသပ်ရေး ယာဉ်ဖြင့် စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် Mobile ဓာတ်ခွဲစစ်ဆေးရေးယာဉ်ဖြင့် စျေးများအတွင်း ရောင်းချလျက်ရှိ သည့် စားသောက်ကုန်ပစ္စည်းများအား စားသောက်ရန် သင့်/မသင့် ဓာတုဆေးဝါး/ဆိုးဆေး ပါဝင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်မှု အား ယနေ့နံနက် (၇)နာရီက ပေါင်းတည်ရွှေတည်စျေးသစ်တွင် သွားရောက် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပေါင်းတည်မြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသည့် ရွှေတည်စျေးသစ် အတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်းရှိ/မရှိ စတင်စစ်ဆေးခဲ့ကြပြီး စားသုံးရန် သင့်/မသင့် ဓာတုဆေးဝါးနှင့် ဆိုးဆေးများပါဝင် သုံးစွဲခြင်းရှိမရှိကို အဆိုပါ စျေးအတွင်း ရောင်းချ လျက်ရှိသည့် မျှစ်ချဉ်၊ ပဲပြား၊ချဉ်ဖတ်၊ မုန့်ဟင်းခါးဖတ်နှင့် ခေါက်ဆွဲဖတ်စသည့် စားသောက်ကုန် ပစ္စည်း (၂၄)မျိုးတို့အား Mobile laboratory ဓာတ်ခွဲခန်းပါ မော်တော်ယာဉ်ပေါ်တွင် တစ်ပါတည်း ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ရရှိသည့် ဓာတ်ခွဲအဖြေများအရ စစ်ဆေးခဲ့သည့် စားသောက်ကုန် ပစ္စည်း(၂၄)မျိုးမှာ စားသုံးရန် သင့်တော်သည့် အဖြေများထွက်ရှိကြောင်း သိရှိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဓာတ်ခွဲ စစ်ဆေးမှု လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဓာတ်ခွဲပညာရှင်များ၊ ပြည်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါက်တာစိုးသက်နောင်နှင့် တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)