နတ်မောက်မြို့နယ် ကျေးရွာလေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၇၀၀) ကျော် ထုတ်ချေး

နတ်မောက်  ဒီဇင်ဘာ   ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စခန်းမကျေးရွာ၊ သာယာအေးကျေးရွာ၊ စာရံအိုင့် ကျေးရွာနှင့် န-လက္ခုပ္ပင်ကျေးရွာ လေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း  (၁၇၀၀)ကျော်ကို ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးအပ် ခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှသိရသည်။

အဆိုပါကျေးရွာလေးရွာတွင် ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍  မြစိမ်းရောင်စီမံကိန်း အသင်းဝင်  (၄၇၇)ဦးအား အတိုးနှုန်းပြား ၅၀နှုန်းဖြင့် ချေးငွေကျပ် (၁၇၂၀) သိန်းထုတ်ချေးပေးခဲ့ပြီး    နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးရွာတာဝန်ခံ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး ကွင်းဆင်း ကြီးကြပ်ပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိကျေးရွာပေါင်း (၃၆) ရွာတွင်အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။

သင်းသင်းဝေ (နတ်မောက်)