သနပ်ပင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သော ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး

သနပ်ပင် ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ၂၀၂၀-၂၀၂၁    ဘဏ္ဍာရေး နှစ်တွင်  ဆောင်ရွက်သွားမည့်   ကျေးလက်ရေရရှိရေး လုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းများနှင့် မြို့နယ်ရုံး ဆောက်လုပ်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့ကြသော ကုမ္ပဏီများက ၎င်းတို့ဆောင်ရွက်သွားကြမည့် လုပ်ငန်းဒီဇိုင်းများ နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်  လုပ်ငန်း အချိန်ဇယားများအား   လွှတ်တော်ကိုယ်စားလှယ်များနှင့်   မြို့နယ် TPIC အဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူ များကို ချပြရှင်းလင်းခြင်း ညှိနှိုင်းအစည်းအဝေးကိုဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်း က မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ   လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  သနပ်ပင်မြို့နယ်   အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက အဖွင့်အမှာစကား မိတ်ဆက်ရှင်းလင်း ပြောကြားပြီး       ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်တို့မှ တင်ဒါအောင် ကုမ္မဏီများ လိုက်နာဆောင်ရွက်ရမည့်  လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းချက်များ၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး၊ ကိုဗစ်−၁၉ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်သူများ လိုက်နာကြရမည့် စည်းမျဉ်းများကို  ရှင်းလင်းပြောကြားကြပြီး သက်ဆိုင်ရာ ကုမ္ပဏီများမှ မိမိတို့ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအချိန် ဇယားများ ကို ရှင်းလင်းတင်ပြကြပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည့် ဖွံ့ဖြိုးရေး လုပ်ငန်း(၁၆)ခုအားတင်ဒါအောင်ကုမ္ပဏီ(၅)ခုမှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ သနပ်ပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ် TPIC အဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီ(၅)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

လှမိုး(သနပ်ပင်)