စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဒီဇင်ဘာ ၄

စစ်တွေမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိသည်။

စစ်တွေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်စာရင်းအား နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်း၊ မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုရန် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း လှည့်လည်ဆော်ဩခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်များ ပါဝင်သော မြေပြင်ကွင်းဆင်းရေးအဖွဲ့ (၄၃) ဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအတွင်း Door to Door စနစ်ဖြင့် မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှုနိုင်ရေး၊ မဲစာရင်းလျှောက်ထားခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)