တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အတည်ပြု လူနာ (၄) ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

တောင်တွင်းကြီး ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင်  ဆေးကုသမှုခံ ယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄) ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့နံနက်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလူနာများမှာ တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) တွင် ဆေးကုသမှုခံ ယူနေသည့် ပွင့်လှကြီးကျေးရွာမှ အသက်(၂၀)နှစ်အရွယ် အမျိုးသား(၁) ဦး၊ မောင်းတိုင် (၁) ရပ်ကွက်မှ အသက်(၅၇) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက် (၃၀) နှစ်အရွယ် အမျိုးသမီး(၁)ဦးနှင့် အသက် (၂၆)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ဖြစ်သည်။

အဆိုပါလူနာများမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်းနှင့် တာ၀န်ရှိသူများက အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၁၈၄)ဦးရှိပြီဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၁၆၄)ဦး၊ ဆေးရုံတွင် စောင့်ကြည့်ကုသဆဲအဖြစ် ပရပ်ကြယ်တိုက်နယ် ဆေးရုံ(အဆောက်အဦသစ်)တွင် (၂၀)ဦး ကျန်ရှိပြီး အဆိုပါပိုး‌တွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)