မြဝတီမြို့နယ်၊ ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်းအား ကွန်ကရစ်ခင်းရန် လုပ်ငန်းများ စတင် ဆောင်ရွက်မှု ကို သွားရောက်ကြည့်ရှုစစ်ဆေး

မြဝတီ  ဒီဇင်ဘာ ၃၀

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၆၉၈,၀၀၀ ကျပ်သန်းဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေသော မြဝတီမြို့နယ် ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်း ( ၂/၄ မိုင် x ၁၂ ပေ x ၂၁ လက်မထု ) ကွန်ကရစ်လမ်းခင်းရန် လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူ များက  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဖလူးကြီး-ထီးမယ် ဝါးခီးလမ်းပိုင်းသည် (၃/၇)မိုင်ခန့်ရှိပြီး  (၂/၄) မိုင်အား ဒေါနအလင်း ကုမ္ပဏီမှ တာ ဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ဧပြီလပိုင်းတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျန်နေ သည့် လမ်းပိုင်း (၁/၃) မိုင်ခန့်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင်  ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီက ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်သည်။

အလားတူ မြဝတီမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၁၇၅.၆၆၀   ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူကြီးကြပ် ဆောင်ရွက်နေသော ဖားချောင်း-အတွင်းမဲကနယ်လမ်း (၁/၀ မိုင် x ၁၂’- ၀” x ၉” ထု) ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်