တောင်ငူ ဒီဇင်ဘာ ၃၀
တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး အတွက် ယမန်နေ့က ဆင်ဆိပ်ကျေးရွာအုပ်စု ဘာနှောင်းကျေးရွာ၌ ဒေသခံများနှင့်တွေ့ဆုံကာ ဆောင်ရွက်နိုင်မည့် စီမံကိန်း များ မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီမံကိန်း မိတ်ဆက်ရှင်းလင်းရာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ငုဝါထွေးက တောင်ငူ မြို့အတွင်း ကျေးရွာအုပ်စုများ အသီးသီး၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာ၌ မိမိရပ်ရွာအတွင်း လမ်းများကောင်းမွန်စေရေး၊ ကုန်ထုတ်လမ်းများ တိုးတက်ကောင်းမွန်မှုရရှိစေရေး၊ ဒေသတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိစေရေး၊ စိုက်ပျိုးရေသွင်း ရေထုတ်မြောင်းများ ရရှိကောင်းမွန်စေရေး အစရှိသည့် လုပ်ငန်းများ လျာထား ဆောင်ရွက် သွားနိုင်ရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဓိက ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်ကြသည့် ကျေးရွာဒေသခံများက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီဝင်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
တောင်ငူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်၌ ကျေးရွာ (၁၅) ရွာတွင် (VDP) စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာကော်မတီဝင်များမှ တင်ပြလာ သည့် လုပ်ငန်းများ အလိုက် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်