ကောလင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေး

ကောလင်း ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၀င် အသင်းသားများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထိန်အင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်ခင်မီမီအောင်က မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ ရေရှည်အကျိုးဖြစ်ထွန်းစေရန် စီမံကိန်း၀င် အသင်းသားများအနေဖြင့် ယခုထုတ်ချေးပေးသည့် စီမံကိန်း ရန်ပုံငွေများကို  အကျိုးရှိစွာ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ထိန်အင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၀င် စိုက်ပျိုးရေး ၇၇ဦးအတွက် ၂၇.၉၅သန်း၊မွေးမြူရေး ၆၁ဦးအတွက် ၂၂.၄သန်း စုစုပေါင်းအသင်းသား၊ အသင်းသူ (၁၃၈) ဦးအတွက်  မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ချေးငွေ ၅၀.၃၅သန်းကို အသင်း၀င်များထံ  ထုတ်ချေးပေးခဲ့သည်။

ထို့နောက် ထိန်အင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင် တစ်ဦးက ထိန်အင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးကြသည့် တာ၀န်ရှိသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေအတိုးအရင်းများ ထုတ်ချေးပေးရာသို့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ ထိန်အင်း ကျေးရွာမြစိမ်းရောင် ကော်မတီ၀င်များ၊အသင်းသား၊အသင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)